အမျိုးသမီးတွေမှာ ပိုဖြစ်တဲ့ သိုင်းရွိုက်ရောဂါတွေ အထူးသတိထားပါ
သိုင်းရွိုက် (Thyroid) ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြပါတယ်။ ဒါပေမယ့် ဘယ်နားက အစိတ်အပိုင်းလဲ ဘယ်လောက် အရေးပါလဲဆိုရင် တော်တော်များများက ရေရေရာရာ မသိကြတော့ပါဘူး။ တကယ်တော့ သိုင်းရွိုက်ဆိုတာ လည်ပင်းက အစိတ်အပိုင်းတစ်ခုပါ။
လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကို သိုင်းရွိုက်လို့ ခေါ်ဆိုကြတာပါ။ သိုင်းရွိုက်ဆိုတာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်ဆောင်တဲ့နေရာမှာ ပါဝင်နေရတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။ လူသိများတဲ့ လည်ပင်းကြီးရောဂါဆိုတာ တကယ်တော့ သိုင်းရွိုက်ဂလင်းကြီးထွားလာတာကို ဆိုလိုတာပါ။
သိုင်းရွက်ပြဿနာတွေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များတာကိုလည်း တွေ့ရပါတယ်။ အကြောင်းအရင်းကတော့ အမျိုးသားနဲ့ အမျိုးသမီးအကြား မတူခြားနားတဲ့ Autoimmune သဘောသဘာဝတွေကြောင့်ပါတဲ့။
အမျိုးသမီးတွေဟာ သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ သိုင်းရွိုက်ဟော်မုန်းများတာ (Hyperthyroidism) နဲ့ သိုင်းရွိုက်ဟော်မုန်းနည်းတာ (Hypothyroidism) ဆိုပြီး ပြဿနာ ၂ ရပ် ရင်ဆိုင်ရတတ်ပါတယ်။ သူတို့နှစ်ခုပေါ် မူတည်ပြီး ခန္ဓာကိုယ်ပေါ်မှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါတယ်။ အများဆုံးရင်ဆိုင်ရချိန်တွေကတော့ အပျိုဖော်မဝင်ခင်အချိန်တွေနဲ့ သွေးဆုံးပြီးချိန်တွေမှာဖြစ်ပါတယ်။
သိုင်းရွိုက်ပြဿနာတစ်စုံတစ်ရာရှိလာပြီဆိုရင် အောက်ပါ လက္ခဏာတွေ ပြသလာနိုင်ပါတယ်။ ဒါဆိုရင်တော့ အလေးအနက်ထား ဂရုစိုက်ပြီး ကုသဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ကိုယ်အလေးချိန် တက်/ကျတာ - သိုင်းရွိုက်ဟိုမုန်းများရင် ဘယ်လောက်စားစားမဝတဲ့ ပြဿနာကြုံရနိုင်ပြီး၊ နည်းရင်တော့ အဝလန်တဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်ပြဿနာဟာ သိုင်းရွိုက်ပြဿနာရဲ့ သိသာလှတဲ့ လက္ခဏာတစ်ရပ်ပါ။
လည်ပင်းယောင်ယမ်းလာတာ - သိုင်းရွိုက်ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပြီဆိုရင် လည်ပင်းပတ်ဝန်းကျင်မှာ သိသိသာသာ ယောင်ယမ်းလာလေ့ရှိပါတယ်။ ဒါဟာသိုင်းရွိုက်ချို့ယွင်းမှုနဲ့ ပတ်သက်ပြီး သိထားထင်ရှားမှုအရှိဆုံး လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းပြောင်းလဲတာ - သိုင်းရွိုက်ဟိုမုန်းက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းအားလုံးနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့် သိုင်းရွိုက်ပြဿနာတစ်စုံတစ်ရာရှိလာရင် နှလုံးခုန်နှုန်းမြန်တာ ဒါမှမဟုတ် နှေးသွးတာမျိုး ဖြစ်တတ်ပါတယ်။ ဟိုမုန်းများရင် နှလုံးခုန်နှုန်းမြန်မှာဖြစ်ပြီး ဟိုမုန်းနည်းရင် နှေးမှာဖြစ်ပါတယ်။
စိတ်ခံစားချက် ပြောင်းလဲတာ - သိုင်းရွိုက်ဟိုမုန်းမြင့်မားနေရင် ပင်ပန်းတာ၊ စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေဖြစ်တတ်ပြီးတော့ ဟိုမုန်းနည်းနေရင်တော့ သောကများတာ၊ အိပ်မပျော်တာ၊ ပင်ပန်းနွမ်းနယ်တာတွေ ကြုံရတတ်ပါတယ်။
ဆံပင်ကျွတ်တာ - သိုင်းရွိုက်ချို့ယွင်းပြီဆိုတာနဲ့ ဆံပင်ကျွတ်တာက ဆက်ပါလာတာပါပဲ။ ဟိုမုန်း ထုတ်လုပ်မှု နည်းနည်း၊ များများ ဆံပင်ကျွတ်မှာပါ။
ခန္ဓာကိုယ်အေးလွန်း၊ ပူလွန်းတာ - Hypothyroidism သမားတွေက ခန္ဓာကိုယ်အပူချိန်ကျဆင်းတာမျိုးဖြစ်မှာဖြစ်ပြီးတော့ Hyperthyroidism သမားတွေကတော့ ကိုယ်အပူချိန်မြင့်မားနေတတ်ပါတယ်။
ဒါ့အပြင်
- အစာစားချင်စိတ်များလွန်းတာ၊ နည်းလွန်းတာ
- ဝမ်းခဏခဏ သွားနေတာ၊ ဒါမှမဟုတ် ဝမ်းချုပ်လွန်းတာ၊
- အသက်ရှူမြန်တာ၊ အသက်ရှူရခက်တာ၊
- ကိုယ်၊ လက် တုန်ယင်ဖြစ်နေတတ်တာ၊
- ရာသီလာချိန် မမှန်တာ၊ ရာသီပျောက်သွားတာ၊ ပုံမှန်ထက် ရာသီသွေးပိုဆင်းတာ၊
- အဆစ်အမြစ်နဲ့ ကြွက်သားတွေ မှာ ရောင်ရမ်းပြီး နာကျင်နေတာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။
သိုင်းရွိုက်ကျန်းမာရေးပြဿနာဟာ အဖြစ်များပြီး အချိန်မီမကုစားနိုင်ရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖန်တီးနိုင်တာကြောင့် ဂရုဓမ္မထား ကာကွယ်ကုသသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ကြောင်း ပြောပြချင်ပါတယ်။
ရေးသားသူ - ရဲဇွန်အောင်